Monday, October 26, 2015

မိုင်ပိုမောင်းသည့်ကားကို ဖမ်းဆီးရာ မွေးခါနီး ကိုယ်ဝန်ဆောင်ကိုတွေ့ရှိ

 သတ်မှတ် မိုင်နှုန်းထက် များစွာပိုမောင်းနေသော ကားတစ်စီးကို တွေ့သဖြင့် ရဲကားက နောက်ကလိုက်ကာ ဘေးချရပ်ခိုင်းပြီး လိုင်စင်သိမ်းဖို့ လုပ်သည်တွင် ကားမောင်းသူမှာ မွေးခါနီးဆဲဆဲ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ကြောင်း တွေ့လိုက်ရသည်။

ယာဉ်ထိန်းရဲသည် အခြေအနေကို နားလည်သွားကာ
အနီးဆုံး ဆေးရုံသို့ လိုက်ပို့လိုက်သဖြင့် အမျိုးသမီးသည် ရှောရှောရူရူ ကလေးမွေးနိုင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန် အရှေ့မြောက်ပိုင်း ကလိဗ်လန်းဒေသတွင် ကလိဗ်လန်းလမ်းနှင့် ဒါဟမ်လမ်းထောင့်၌ ကားကို ရပ်တန့်ခိုင်းကာ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ကလိဗ်လန်း ရဲတပ်ဖွဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

 ''ယာဉ်ထိန်းရဲ ဖစ်ရှာဟာ ကင်းလှည့်နေစဉ် မိုင်နှုန်းကျော်လွန် မောင်းနှင်နေတဲ့ ကားတစ်စီး တွေ့တာကြောင့် နောက်က လိုက်ကျော်တက်ပြီး ဘေးချရပ်ခိုင်းခဲ့ပါတယ်။ ကားမောင်းသူထံက လိုင်စင်တောင်းမယ် လုပ်တော့ မွေးခါနီးဆဲဆဲ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်နေတာ တွေ့ရပါတယ်။ ယာဉ်ထိန်း ဖစ်ရှာဟာ အမျိုးသမီးကို အနီးဆုံးဆေးရုံကို မောင်းပို့ပေးခဲ့ နိုင်တာကြောင့် အန္တရာယ်ကင်းကင်း ကလေးမွေးနိုင်ခဲ့ပါပြီ'' ဟု ကလိဗ်လန်း ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်တွင် သောကြာနေ့ညက ရေးသားထားသည်။

''နာရီပိုင်းခန့်အကြာတွင် ကလေးမွေးပါပြီ။ မိန်းကလေးပါ။ (၆) ပေါင် (၁၀) အောင်စရှိပြီး ကျန်းကျန်းမာမာ ရှိပါတယ်။ အရယ်ဘယ်လာလို့ နာမည်ပေးထားပါတယ်''ဟု နောက်ထပ် ပို့စ်တစ်ခုဖြင့် ရဲတပ်ဖွဲ့က အသိပေးခဲ့သည်။

Credit: messenger မှ ကူးယူဖော်ပြသည်။