Friday, October 30, 2015

မိခင်ငှက်ဖျားရောဂါဖြစ်ခြင်းက မွေးဖွားလာသည့် ကလေးငယ်၏ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်

 ကိုယ်ဝန်ဆောင်ချိန်အတွင်း ငှက်ဖျားရောဂါကူးစက်ခံရခြင်း ကြောင့် မွေးဖွားလာ မည့် ကလေးငယ်၏ သင်ယူတတ်မြောက်မှုနှင့် မှတ်ဉာဏ်နှင့် ဆက်နွှယ်သော ပြဿနာများ ဖြစ်ပေါ်နို င်ကြောင်း လေ့လာ မှုအသစ်တစ်ရပ်က ဖော်ပြသည်။

မိခင်လောင်းငှက်ဖျားရောဂါကူးစက်ခံ ရခြင်းက ရောဂါပိုးနှင့် ထိတွေ့သော သန္ဓေသား၏ ဦးနှောက်များရှိ သွေးကြောများ ဖွဲ့စည်းပုံကို ပြောင်းလဲစေနိုင်သောကြောင့် ကလေးငယ်၏ မှတ်ဉာဏ်နှင့် ဆက်စပ်သော ပြဿနာများ ဖြစ်ပေါ်လာ ရခြင်းဖြစ်သည်။

ငှက်ဖျားရောဂါပိုးနှင့် ထိတွေ့ ခဲ့သော သန္ဓေသား ၏ ဦးနှောက် ထဲရှိ သွေးကြောများမှာ ရောဂါပိုးနှင့် ထိတွေ့မှုမရှိသော သန္ဓေသား ၏ ဦးနှောက်ထဲရှိ သွေးကြောများထက် ပိုသေးငယ်ကြောင်း လေ့လာမှုက ဖော်ပြသည်။

ယခုလေ့လာမှုရလဒ်က ကိုယ်ဝန်ဆောင်စဉ် ငှက်ဖျားရောဂါ ခံစားရခြင်းကြောင့် မီးမဖွားမီ ကလေးငယ်သန်းပေါင်းများစွာ၏ မှတ်ဉာဏ်ဆိုင်ရာအာရုံကြောဖွံ့ဖြိုးတိုးတက်မှုကို ပြောင်းလဲစေနိုင်သည် ဆိုသောအချက်ကို ထောက်ပြနေသည်ဟု သုတေသီများက ပြော သည်။

ယခုလေ့လာမှုကို ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ သုတေ သီကီဗင်ကိန်းနှင့် လုပ်ဖော်လုပ်ဖက်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြွက်များ၏ သန္ဓေသားများအခြေအနေကို လေ့လာခဲ့ကြခြင်းဖြစ်သည်။

သန္ဓေသားဘ၀က ငှက်ဖျားရောဂါပိုးနှင့် ထိတွေ့ခဲ့သော ကြွက်ကလေးများသည် သင်ယူတတ်မြောက်မှုနှင့် မှတ်ဉာဏ်အားနည်းပြီးအရွယ်ရောက်ချိန်အထိ ဖြစ်ပေါ်သော စိတ်ဓာတ်ကျသည့် လက္ခဏာကဲ့သို့ အပြုအမူမျိုးရှိတတ်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ သည်။ ယင်းကဲ့သို့ မှတ်ဉာဏ်ဆိုင်ရာအာရုံကြောများ အားနည်းခြင်း နှင့် ဦးနှောက်၏ အချို့သော အစိတ်အပိုင်းများရှိ အဓိကခံစားသိရှိ သော အာရုံကြောများ၏ တစ်သျှူးများကို လျော့ခြင်းနှင့် ဆက်စပ် နေကြောင်း သိရသည်။

သန္ဓေသား၏ သွေးကြောများကို ပုံရိပ်ဖော်ပြခြင်းဖြင့် သုတေသီများသည် ငှက်ဖျားရောဂါပိုးနှင့် ထိတွေ့ခဲ့သည့် သန္ဓေသား၏ ဦး နှောက်တွင် မှတ်ဉာဏ်ဆိုင်ရာအာရုံကြောဖွံ့ဖြိုးတိုးတက်မှုပြောင်း လဲသွားပုံကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။ 

Credit:7Day Daily မှ ကူးယူဖော်ပြသည်။