Friday, October 23, 2015

ကလေးငယ်များရဲ့ သင်ယူမှုပုံစံကွဲပြားခြားနားခြင်း

ကလေးငယ်တွေရဲ့ သင်ယူလေ့လာမှုပုံစံတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူပဲ အတော်လေး ကွဲပြားခြားနားကြပါတယ်။ ဒါပေမဲ့ သင်ယူလေ့လာမှုပုံစံကို (၁) အမြင်နဲ့သင်ယူခြင်း၊ (၂) အကြားနဲ့သင်ယူခြင်း နဲ့(၃) လက်တွေ့နည်းနဲ့သင်ယူခြင်း ဆိုပြီး အကြမ်းဖျင်းအားဖြင့် (၃) မျိုးခွဲခြားနိုင်ပါတယ်။
မိမိရဲ့သားသမီးတွေကိုငယ်စဉ်ကတည်းက လေ့လာခြင်းဖြင့် မိမိကလေးရဲ့အားသာတဲ့ သင်ယူမှုပုံစံ ကို သိလာနိုင်ပါတယ်။ သူများနဲ့မတူတာတွေရှိလာရင်တောင် ဒါဟာကွဲပြားမှုတစ်ခုလို့ နားလည်ပြီး အားမလိုအားမရဖြစ်တာမျိုးမရှိတော့ပဲ ကိုယ့်ကလေးနဲ့သင့်တော်တဲ့သင်ကြားနည်းပုံစံ ကို မှန်ကန်စွာရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ သင်ယူမှုပုံစံအလိုက် အားသာချက် အားနည်းချက်တွေကို လေ့လာကြည့်ကြပါစို့။

အမြင်နဲ့သင်ယူတတ်သူ -   အမြင်နဲ့သင်ယူတတ်သူတွေဟာ ဆရာရဲ့မျက်နှာကို သေချာစိုက်ကြည့်တတ်ပါတယ်။ စကားလုံးတွေကို မြင်တာနဲ့မှတ်မိလေ့ရှိပြီး စိတ်ကူးစိတ်သန်းတွေကို အတွေးထဲပေါ်လာ တာနဲ့ ချရေးထားတတ်ပါတယ်။ စာတွေကို ပြန်မှတ်မိအောင် အစဖော်တဲ့အခါ ကိုယ် ဖတ်ခဲ့တဲ့စာမျက်နှာကို မြင်ယောင်ကြည့်ပြီး အစဖော်လေ့ရှိပါတယ်။

အမြင်နဲ့သင်ယူတတ်တဲ့ကလေးတွေကို ပုံတွေသုံးပြီး သင်ခန်းစာကို ရှင်းပြပေးခြင်း၊ သူတို့ကိုယ် တိုင်ကို ရှင်းပြစေခြင်းတို့ဖြင့် သင်ယူမှုကိုတိုးတက်စေမှာဖြစ်ပါတယ်။  သိပ္ပံဘာသာရပ်တွေမှာ လည်း စက်ကိရိယာပုံများ၊ လုပ်ဆောင်ချက်များကို diagram တွေနဲ့ ရှင်းလင်းပြသပေးထားတာ တွေကို အသေးစိတ်ပိုမိုမှတ်မိတတ်ကြပါတယ်။ စာတွေကို အရောင် အသွေးစုံလင်တဲ့High light နဲ့မှတ်သားခြင်း၊ Flow-map တွေနဲ့မှတ်သားခြင်းတို့ဖြင့် ပိုမိုနားလည်တတ်ကျွမ်းနိုင်ကြပါတယ်။

အကြားနဲ့သင်ယူတတ်သူ - အကြားနဲ့သင်ယူတတ်သူတွေဟာ ဆရာရဲ့စကားကို သေချာနားထောင်တတ်ကြပြီး စကားပြောတွေ၊ အပြန်အလှန်ဆွေးနွေးမှုတွေ၊ ပြဇာတ်တွေကို နားထောင်ရင်းနဲ့ အလွတ်ရတတ်ကြပါတယ်။ ကာရံနဘေတွေ ထွင်ပြီး မှတ်သားခြင်းနည်းနဲ့ မှတ်မိလွယ်တတ်ကြပါတယ်။

အကြားနဲ့ သင်ယူတတ်သူတွေဟာ သူတို့ရဲ့အတွေးအမြင်တွေကို အပြန်အလှန်ပြောဆိုဆွေးနွေး ရတာကို နှစ်သက်ကြပါတယ်။ ကျောင်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ငြင်းခုန်ဆွေးနွေးရတာကို နှစ်သက်ခုံမင်ပြီး အကြောင်းအရာမျိုးစုံကို သိနားလည်ကာ မိမိရဲ့ကိုယ်ပိုင်အတွေးအမြင်ကို တင်ပြဖို့လည်း ၀န်မလေးတတ်ကြပါဘူး။ သင်ခန်းစာကို ရယ်စရာမောစရာလေးတွေပြောရင်း သင်ကြားပေးတဲ့အခါ ပိုမိုစိတ်ဝင်စားပြီး မှတ်မိလွယ်တတ်ကြပါတယ်။

လက်တွေ့နည်းနဲ့သင်ယူတတ်သူ - လက်တွေ့နည်းနဲ့သင်ယူတတ်သူတွေဟာ ကိုယ်တိုင်ပါဝင် လုပ်ဆောင်ရတဲ့အခါ ပိုမှတ်မိ တတ်ပြီး အချိန်ကြာကြာ ငြိမ်ငြိမ်ထိုင်သင်ယူနိုင်စွမ်းနည်းကြပါတယ်။ ကိုယ်တိုင်ပါဝင်ရတဲ့ သင်ခန်းစာ (သို့) တက်တက်ကြွကြွလှုပ်ရှားရတဲ့သင်ခန်းစာမျိုးကို ချက်ချင်းမှတ်မိသွား တတ်ကြပါတယ်။

လက်တွေ့နည်းနဲ့ သင်ယူတတ်သူတွေဟာ အဖွဲ့လိုက်တွဲဖက်လုပ်ဆောင်ရတာကို နှစ်သက်ပြီး သင်ခန်းစာတွေကို လက်တွေ့ကျကျကိုယ်တိုင်လုပ်ရတဲ့အခါ ပိုမိုမှတ်မိတတ်ကြပါတယ်။  ဥပမာ- ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို သရုပ်ဆောင်ရပြီးနောက်မှာ မိမိရဲ့ကိုယ်ပိုင်ဇာတ်လမ်းကို ပိုမိုချောမော စွာရေးနိုင်လာတတ်ကြပါတယ်။ငြိမ်ငြိမ်မနေနိုင်ကြတဲ့အတွက် သင်ခန်းစာတွေကို ကိုယ်လက်လှုပ်ရှားမှုနဲ့တွဲဖက်သင်ကြားပေးသင့် ပါတယ်။ သိပ္ပံဘာသာကို သင်ကြားတဲ့အခါ ခန္ဓာကိုယ်ကို လက်တွေ့သရုပ်ပြဖို့အတွက် စိတ်ပါလက်ပါ ကူညီချင်တတ်ကြပါတယ်။ ၀တ္တုဇာတ်လမ်းတွေကို ဖတ်တဲ့အခါ ဇာတ်အိမ်ခိုင်မာတဲ့ ဇာတ်လမ်းမျိုးကို စွဲလမ်းနှစ်ခြိုက်တတ်ကြပါတယ်။

မိဘတွေ၊ ဆရာ ဆရာမတွေအနေနဲ့ ကလေးတွေရဲ့ သင်ယူမှုပုံစံမတူညီတာတွေကို သတိပြုမိပြီး သူတို့နဲ့လိုက်ဖက်တဲ့နည်းလမ်းတွေကို ရွေးချယ်သင်ကြားပေးခြင်း၊ ကလေးတွေရဲ့စိတ်ဝင်စားမှု ဒီဂရီကိုလိုက်ပြီး ခွင့်လွှတ်နားလည်ပေးခြင်း၊ ကလေးတွေရဲ့ ၀ါသနာကိုလိုက်ပြီး ပြုစုပျိုးထောင်ပေး ခြင်းတို့ဖြင့် အနာဂတ်ရဲ့ကြယ်ပွင့်လေးများ အစွမ်းကုန်လင်းလက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရ ပါတယ်။

Credit; yangonlife မှ ကူးယူဖော်ပြသည်။