Saturday, October 24, 2015

ရေချိုးခြင်းရဲ့ ကျန်းမာခြင်းအကျိုး

လူတွေမှာ မိမိတို့ရဲ့ အကြောင်းအရာကိစ္စမျိုးစုံအတွက် မတူညီတဲ့သွားလာလှုပ်ရှားမှု ၊ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ ပင်ပန်းကြရတဲ့တစ်နေ့တာများစွာ ရှိကြပါတယ်။ညနေအိမ်ပြန်ချိန်မှာ မိမိနဲ့အတူ တွဲဖက်ပါလာတာကတော့ ပင်ပန်းနွမ်းနယ်မှုပါဘဲ။ တစ်ချို့ဆိုရင် ပင်ပန်းလွန်းလို့ ဘာမှ မလုပ်နိုင်တော့ဘဲ အိပ်ယာထဲ ဝင်ပြီးတန်းအိပ်သွားရတဲ့အဖြစ်မျိုးတွေလည်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လို
ပင်ပန်းနွမ်းနယ်မှုတွေကြုံလာပါစေ၊ တစ်နေ့တာရဲ့ပင်ပန်းမှုကို ပြေလျော့လန်းဆန်းသွားအောင် ရေချိုးလိုက်ဖို့တော့ တကယ်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ နေ့စဉ် နဲ့အမျ မိမိတို့ကိုယ်ကို ရေချိုးသန့်စင်မှုတို့ပြုလုပ်ကြရာမှာ လူတွေ မထင်မှတ်ထားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးပြုမှုတို့များစွာ ရှိနေလို့ဘဲဖြစ်ပါတယ်။

မနက်မိုးလင်းလို့ အိပ်ယာထတာနဲ့ ရေချိုးခန်းထဲဝင်တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး ရေမိုးချိုးခြင်းဟာ တစ်နေ့တာရဲ့မနက်ခင်းလေးကို ကြည်လင်လန်းဆန်းစေပါတယ်။ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေကိုလည်း မနက်မိုးလင်းရင် ရေနွေးနွေးလေးနဲ့ချိုးစေခြင်း၊ ကျန်းမာတဲ့လူငယ်လူရွယ်တို့အနေနဲ့ ရေအေးအေးလေးတို့နဲ့ ရေချိုးစေခြင်းဟာ များစွာ ကျန်းမာရေး အကျိုးကျေးဇူးဖြစ်စေကြောင်း လေ့လာဖော်ပြထားချက်တွေမှာတွေ့ရှိရပါတယ်။

သက်ကြီးရွယ်အို တွေအနေနဲ့ ရေနွေးလေးနဲ့ ရေချိုးပေးခြင်းဖြင့် နှလုံးနဲ့ သွေးကြောများစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ဆီးချိုရောဂါသမားများအနေနဲ့ ရေနွေးနွေးလေးထဲမှာ နာရီဝက်နီးပါးလောက်စိမ်ပြီး ချိုးပေးခြင်းဖြင့် သွေးအတွင်းသကြားဓာတ်ကိုလျော့ကျစေကြောင်း လည်းလေ့လာဖော်ပြထားကြပါတယ်။

လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ခံအားစနစ်တည်ဆောက်ပုံချင်းမတူညီကြရာ မိမိတို့ရဲ့ကိုယ်ခံအားစနစ်ကိုလိုက်ပြီး ရေနွေး ဒါမှမဟုတ် ရေအေးလေးနဲ့မနက်အလုပ်မသွားမှီ၊ ကျောင်းမသွားမှီ တစ်ကြိမ် ၊ ညနေ အလုပ်က ပြန်လာချိန်၊ ကျောင်းမှ ပြန်လာချိန် တစ်ကြိမ် ပုံမှန် ရေချိုးပေးခြင်းဟာ အသက်အရွယ်မရွေး ကျန်းမာရွှင်လန်းစေပါတယ်။

အမျိုးသားများအတွက်  မနက်ဖြစ်စေ၊ ညနေဖြစ်စေ ရေအေးအေးလေးနဲ့ ပုံမှန်ရေချိုးပေးခြင်းဟာ  ကျားဟော်မုန်း ကိုတိုးပွားစေကြောင်း  Thrombosis Research Institute Cold က လေ့လာဖော်ပြထားပါတယ်။ ရေနွေးနဲ့ ရေချိုးချိန်မှာ သုတ်ပိုးကောင်အရေအတွက်ကို လျော့ကျစေတာတော့ ရှိပါတယ်။ ဒါပေမယ့် ရေချိုးပြီးသွားချိန်မှာ မူလအတိုင်းပြန်ဖြစ်သွားစေတာကြောင့် စိတ်ပူဖို့မလိုတာကိုလည်း လေ့လာသူတွေက ဖော်ပြထားကြပါတယ်။

 စိတ်ပင်ပန်းနေလို့ဘဲဖြစ်ဖြစ် ၊ ကိုယ်ပင်ပန်းနေလို့ဘဲဖြစ်ဖြစ် ပင်ပန်းမှုတွေခံစားနေရတဲ့အချိန်မှာ ရေချိုးလိုက်ရင် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာပြီး လန်းဆန်းတက်ကြွသွားတာကိုတွေ့ရပါတယ်။ သွေးလည်ပတ်မှုအားကောင်းလာတဲ့အခါ သွေးပေါင်တက်တာတွေနည်းပါးလာပြီး နှလုံးရဲ့လုပ်ဆောင်ချက်တွေကိုပိုမိုအားကောင်းသွားစေပါတယ်။တစ်ကိုယ်လုံးတင်းမာနေတဲ့ ကြွက်သားတွေလည်း ပြေလျော့သွားကာ ညဘက် နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ပါ အထောက်အကူပြုခြင်းဘဲဖြစ်ပါတယ်။ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ရေနွေးလေးနဲ့ ရေချိုးခြင်းဟာလည်း အနှိပ်ခံသလိုမျိုး အကြောတွေ၊ ကြွက်သားတွေတင်းမာနေတာကို ပြေလျော့စေပါတယ်။

ရေပုံမှန်ချိုးခြင်းဟာ ကိုယ်ခန္ဓာအတွင်း ကထွက်နေတဲ့ ချွေးအဆိပ်အတောက်တွေကိုလည်း သန့်စင်ကင်းဝေးစေခြင်း၊ အဆုတ်ရဲ့လုပ်ဆောင်ချက်ကိုလည်း ကောင်းမွန်စေခြင်း၊စိတ်ဓာတ်ကျထိုင်းမှိုင်းနေတာတွေကိုလည်း ရေချိုးပေးခြင်းဖြင့် ပြန်လည်ကြည်လင်လန်းဆန်း စေခြင်းတို့ကြောင့် ရေအေးလေးနဲ့ဖြစ်စေ ၊ရေနွေးလေးနဲ့ဖြစ်စေ ရေချိုးခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးပြုတာတွေရှိတာကြောင့် ပုံမှန်ရေချိုးသန့်စင်ပေးခြင်းဖြင့် မိမိရဲ့ကျန်းမာရေးကို ဂရုစိုက်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

 Credit: yangonlife မှ ကူးယူဖော်ပြသည်။