Friday, October 23, 2015

ပွေ့ဖက်ခြင်းဟာ အကောင်းဆုံးဆေးပါ

နှစ်စဉ် ဇန်န၀ါရီလတိုင်းမှာ ကမ္ဘာ့ပွေ့ဖက်ရေးနေ့ကို သတ်မှတ်ကျင်းပလျှက်ရှိကြပါတယ်။ ဇန်န၀ါရီလမှာပဲ ရင်သွေးငယ်များပွေ့ဖက်ရေးနေ့ကို ထပ်မံသတ်မှတ်ကျင်းပကာ ကမ္ဘာတ၀ှမ်းမှ မိဘများနဲ့ကလေးငယ်များ ပါဝင်ဆင်နွှဲလျှက်ရှိကြပါတယ်။
ပွေ့ဖက်ခြင်းကို လူတိုင်းကြိုက်နှစ်သက်ကြပြီး မိဘတွေဟာလည်း သားသမီးတွေကို အလိုလိုနေ ရင်း ချစ်ခင်စိတ်နဲ့ပွေ့ဖက်တတ်လေ့ရှိပါတယ်။ သားသမီးကို ပွေ့ဖက်ရတာဟာ  ကြည်နူးစရာ အကောင်းဆုံးခံစားမှုတစ်ခုဆိုတာ မိဘတိုင်းသိကြမှာပါပဲ။ ဒါဟာ မိဘနဲ့ သားသမီးကြားက သံယောဇဉ်ကို တိုးပွားစေတဲ့ နီးစပ်စေမှုတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီလိုပျော်ရွှင်ကြည်နူး ဖွယ်ကောင်းတဲ့ ပွေ့ဖက်မှုဟာ သင့်ရဲ့ရင်သွေးလေးတွေအတွက် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်စေတဲ့ ဆေးစွမ်းကောင်းတစ်လက်လည်း ဖြစ်တယ်ဆိုတာ သိပ္ပံနည်းကျကျ သုတေသနပြုချက်များအရ တွေ့ရှိခဲ့ရပါတယ်။ ကလေးငယ်များ အရွယ်ရောက်ကြီးပြင်းလာတဲ့ အခါမှာလည်း လူမှုရေး၊ ကျန်းမာရေး စတာတွေမှာ အဆင်ပြေချောမွေ့ကြောင်း တွေ့ရှိရပါတယ်။ ပွေ့ဖက်ခြင်းကြောင့် ရရှိခံစားရတဲ့အကျိုးကျေးဇူးများကိုဖော်ပြပေးလိုက်ပါတယ်။

စိတ်လုံခြုံမှုရှိခြင်း

စမ်းသပ်မှုတစ်ခုမှာ မျောက်ကလေးတစ်ကောင်ကို နို့တိုက်ဖို့ပိုက်တံပါတဲ့ သတ္တုရုပ်တစ်ရုပ်၊ မွှေးပွအရုပ်တစ်ရုပ်တို့နဲ့အတူ  အခန်းတစ်ခုထဲမှာ အချိန်အတော်ကြာထားပါတယ်။ တစ်နေ့မှာ ကြောက်မက်ဖွယ်အသံတစ်ခုကို လုပ်လိုက်တဲ့အခါ မျောက်ကလေးဟာ မွှေးပွရုပ်ဆီကိုပဲ ပြေးသွားတာတွေ့ရပါတယ်။ နွေးထွေးအိစက်ပြီးထိတွေ့လို့ကောင်းတဲ့ရင်ခွင်ဟာ စိတ်လုံခြုံမှုကို ပေးစွမ်းနိုင်လို့ အစာရေစာ နေရာထိုင်ခင်းထက် ပိုအရေးကြီးကြောင်း ပေါ်လွင်စေတဲ့ စမ်းသပ်ချက်တစ်ခုပါပဲ။ ကလေးငယ်များကို ခပ်ကြာကြာပွေ့ဖက်ပေးခြင်းဟာ ကလေးငယ်တွေရဲ့ စိတ်လုံခြုံမှုကို တိုးပွားစေလို့ အလွယ်တကူကြောက်လန့်ခြင်းတို့ နည်းပါးလာစေမှာဖြစ်ပါတယ်။ သင်ငယ်ငယ်တုန်းက ပွေ့ဖက်ခံရတဲ့ အခါ ပြီးပြည့်စုံတဲ့ ခံစားချက်ကို ခံစားရတာ မှတ်မိတယ်မဟုတ်ပါလား။

ပိုမိုပျော်ရွှင်ချမ်းမြေ့ခြင်း

ပွေ့ဖက်ခံရတဲ့အခါ သင့်ရဲ့စိတ်ဟာ ပျော်ရွှင်ချမ်းမြေ့သွားပြီး အထီးကျန်ခံစားချက်တွေ လွင့်ပျောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ပွေ့ဖက်ခံရတဲ့အခါ လူ့ခန္ဓာကိုယ်ထဲမှာ Oxytocin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထွက်လာပြီး ထိုဟော်မုန်းဟာ သံယောဇဉ်၊ မေတ္တာ၊ ယုံကြည်ကိုးစားမှုနဲ့ ရင်းနှီးချစ်ခင်မှုတွေကို အလိုအလျောက် တိုးပွားစေတဲ့ ဓါတ်ဖြစ်ပါတယ်။ ပွေ့ဖက်ခြင်းဟာ ချစ်မေတ္တာရဲ့အကြီးဆုံးပြယုဂ်တစ်ခုဖြစ်လို့နေ့စဉ်ပွေ့ဖက်ခံရတဲ့ကလေးငယ်တွေဟာ အမြဲလိုလိုပျော်ရွှင်နေတတ်ကြပြီး ကျောင်းစာ ကိုလည်း စိတ်ဝင်စားကြကာ စည်းကမ်းတကျနေထိုင်ပြုမူတတ်ကြကြောင်း တွေ့ရှိရပါတယ်။

ပိုမိုကျန်းမာသန်စွမ်းခြင်း

သင်တို့ရဲ့ကလေးငယ်တွေကို ခဏခဏပွေ့ဖက်ပေးခြင်းဟာ ကလေးတွေကို ပိုမိုကျန်းမာသန်စွမ်း စေပါတယ်။ ပွေ့ဖက်ခံရခြင်းနည်းတဲ့ကလေးဟာ ကိုယ်အလေးချိန်လျော့ နည်းခြင်း၊  ခြေလက်လှုပ်ရှားမှုနှေးကွေးခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်းတို့ ဖြစ်တတ်ကြောင်း တွေ့ရှိရပါတယ်။ပွေ့ဖက် ခံရခြင်းနည်းတဲ့ကလေးတွေဟာ နွေးထွေးကြင်နာမှုကို မခံစားရတဲ့အတွက် ပွေ့ဖက်ခံရတဲ့ကလေးတွေလို သွက်လက်ပျော်ရွှင်မှုမရှိကြပါဘူး။ ကလေးတွေကို မကြာခဏပွေ့ဖက်ပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာပျော် ရွှင်စေမှာဖြစ်ပါတယ်။

ဒါကြောင့် သင်တို့ရဲ့ကလေးငယ်တွေကို တစ်နေ့မှာ ၈ကြိမ်ကနေ ၁၂ ကြိမ်ထိ ပွေ့ဖက်သင့်ပါတယ်။ ကလေးတွေက အရွယ်လေးရလာတဲ့အခါ ပွေ့ဖက်တာကို သဘောမကျသလို စိတ်မ၀င်စားသလို ပြုမူကောင်း ပြုမူနိုင်ပေမဲ့ အမြဲတမ်းပွေ့ဖက်ပေးလိုက်ပါ။ ကလေးတွေကို မျှဝေပေးနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်ပြီး သူတို့ရဲ့တစ်သက်တာအတွက် အကောင်းဆုံးအမွေလည်းဖြစ်ပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ပွေ့ဖက်နှုတ်ဆက်လိုက်ပါ။ ညအိပ်ရာဝင်တဲ့အခါ ပွေ့ဖက်နှုတ်ဆက်ပါ။ ကလေးငယ်ရဲ့ ကူညီပေးမှုတစ်ခုခုကို အသိအမှတ်ပြုတဲ့အခါ ကျေးဇူးတင်စကားကို ပွေ့ဖက်ရင်းပြောပေးပါ။ ပွေ့ဖက်သူရော ပွေ့ဖက်ခံရသူပါ စိတ်ကျေနပ်ပျော်ရွှင်ပြီး ကျန်းမာစေမှာဖြစ်ပါတယ်။ကလေးကို ပွေ့ဖက်တာဟာ ဘယ်တော့မှ ပိုလျှံသွားမှာမဟုတ်တဲ့အတွက် နေ့စဉ်နေ့တိုင်း ကြင်နာမှုအပြည့်နဲ့ ပွေ့ဖက်လိုက်ကြပါစို့။

Credit: yangonlife မှ ကူးယူဖော်ပြသည်။