Friday, October 30, 2015

မိခင်တစ်ယောက်ဖြစ်ရခြင်းရဲ့အနှစ်သာရ

မိခင်ယောက်ဖြစ်ရတာဟာ  လွယ်မလိုထင်ရပြီး တကယ်ခက်ခဲ့တဲ့အလုပ်ဆိုတာ မိခင်ဖြစ်လာတဲ့အမျိုးသမီးတိုင်း ပိုမိုနားလည်ကြပါလိမ့်မယ်။ အပျိုလူပျိုဘဝတုန်းက  ကျော့မော့လှပပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ခဲ့သလောက် အိမ်ထောင်ကျပြီး သားသမီးလေးတွေမွေးလာတဲ့အခါမှာတော့ အရင်လောက်မပေါ့ပါးနိုင်ကြတော့ဟာ အမှန်ပါ။မိမိတို့ရဲ့ရင်သွေးတို့အပေါ်စိတ်မချမှုများစွာနဲ့ ရင်အုပ်မခွာ ပြု စုစောင့်ရှောက်ရင်း မိခင်တစ်ယောက်ဖြစ်မှန်းမသိ ဖြစ်သွားကြရတာပါဘဲ။ မိမိရဲ့အချိန်တွေအားလုံးကို ကလေးအတွက်အချိန်ကုန်ရင်း  မိခင်ဆိုတဲ့အနှစ်သာရကို ပြည့်ဝစွာနားလည်လာကြပါတယ်။အရင် မရှိခဲ့တဲ့ခွန်အားတွေ၊သတ္တိတွေပြည့်လာကာ သား၊သမီးအတွက် ရင်ဆိုင်ဖို့ အရာရာကိုအဆင်သင့်ဖြစ်နေခြင်းဟာ မိခင်ဖြစ်ရခြင်းရဲ့အနှစ်သာရဘဲဖြစ်ပါတယ်။

အမျိုးသမီးတွေမှာ မိခင်မဖြစ်ခင် ခံစားမှုနဲ့မိခင်ဖြစ်ပြီးခံစားမှုတေကွ ကွာခြားသွားတယ်လို့ဆိုရပါမယ်။ မိခင်ဖြစ်လာပြီဆိုတာနဲ့ကလေးငယ် အတွက်စိတ်ကူးတွေယဉ်ကာ ကလေးလေးကိုဘယ်လိုအကောင်းဆုံးထားမယ်ဆိုတဲ့ စိတ်ကူး က မိခင်တစ်ယောက်အတွက် အလှဆုံးအိပ်မက်တစ်ခုဖြစ်ပါတယ်။ အရာရာဟာ သားသား၊မီးမီးတို့အတွက်ချည်းဘဲဖြစ်နေကာ မိမိအတွက်က နောက်ဆုံးကိုအလိုအလျောက်ရောက်ရှိသွားကြရပါတယ်။ သားသားတို့အတွက်ကျန်းမာရေး၊ပညာရေး၊လူမှုရေး အစစအရာရာအဆင်ပြေစေဖို့မိခင်တို့ဟာ အာရုံအစိုက်ဆုံးဖြစ်ပါတယ်။

ကလေးအတွက်ဘဲရှေ့တန်းတင် စဉ်းစားတတ်ကြကာ အရာရာကို ကလေးအတွက်ပဲ သည်းခံပေးတတ်ကြပြီး အရာရာကို ကလေးတို့အတွက်ပဲ ရှေ့တန်းတင်တတ်ကြပါတယ်။ မိခင်တစ်ယောက်ရဲ့ခွန်အားဟာ ကမ္ဘာမှာ အကြီးမားဆိုတာ လူတိုင်းနားလည်ကြပါတယ်။ မိခင်ဖြစ်လာတဲ့ မိခင်တိုင်းလည်း နားလည်ကြပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းတဲ့အလုပ်ဖြစ်ပါစေ မိခင်တိုင်းဟာ သာမန်လူတွေထက် ပိုမိုခံနိုင်ရည်စွမ်းအားများကြပါတယ်။ ကလေးတို့ရဲ့မျက်နှာက မိခင်တို့ရဲ့အာရုံကိုအမြဲလွှမ်းမိုးနေရာ မိခင်တို့မှာ သူများနဲ့မတူညီတဲ့ခွန်အားရှိနေခြင်းဟာ သားသားမီးမီးတို့ အပေါ်ထားတဲ့မေတ္တာစွမ်းအားကြောင့်ဖြစ်ပါတယ်။

ကလေးတို့ဟာ မိခင်တို့အတွက်အမောပြေဆေးဖြစ်သလို အင်အားပြည့်ဝတဲ့ စွမ်းအားတစ်မျိုးလည်းဖြစ်ပါတယ်။ ဘယ်လောက်ခက်ခဲမှုကို ရင်ဆိုင်ခဲ့ရပါစေ၊ ကလေးတို့ရဲ့ ချိုပြုံးတဲ့မျက်နှာလေးနဲ့ တီတီတာတာ အသံလေးတို့ကို ကြားလိုက်ရတဲ့အချိန်မှာ ရင်ထဲချိုမြိန်အေးချမ်းလှကာ ပင်ပန်းနွမ်းနယ်မှုမှန်သမျှဟာ ပိန်းကြာရွက်ပေါ် ရေမတင်သလို လွင့်ပျယ်ကုန်ပါတယ်။ ကလေးတို့ပန်းလိုလန်းနေရင် မိခင်တို့ဟာလည်း ပန်းလိုလန်းဆန်းနေပြီး ကလေးတို့နွမ်းနေရင် မိခင်တို့ဟာလည်း စိတ်မသာယာမှုများစွာနဲ့ စိတ်ပင်ပန်းနွမ်းလျှမှုကို ခံစားကြရပါတယ်။ ကလေးတို့ရဲ့အောင်ပွဲဟာ မေမေတို့ရဲ့အောင်ပွဲဖြစ်သလို ကမ္ဘာပေါ်မှာ မေမေ့ကလေးသာ အတော်ဆုံး၊ ချစ်စရာအကောင်းဆုံးလို့ မြင်တတ်ကြတာဟာ မေမေတို့ရဲ့ဖြူစင်တဲ့ အတ္တတွေဘဲလို့ဆိုလိုချင်ပါတယ်။

မိန်းမတစ်ယောက်ဟာ မိခင်ဖြစ်လာပြီဆိုတာနဲ့ မိမိကလေးရဲ့ လိုအပ်ချက်တွေကို ဂရုစိုက်တတ်လာပါတယ်။ ကလေးအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးတတ်ကြပါတယ်။ သင့်တော်မျတတဲ့အာဟာရတွေ ကျွေးမွေးခြင်း၊ သန့်ရှင်းပြီး လတ်ဆတ်တဲ့ လေကောင်းလေသန့်ရရှိတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးခြင်း၊ အလင်းရောင်ကောင်းကောင်းရရှိအောင် ပြင်ဆင်ပေးထားခြင်း၊ အချိန်မှန်အိပ်၊ အချိန်မှန်စားရအောင်ပြင်ဆင်ပေးခြင်း အစရှိတဲ့ လိုအပ်ချက်တွေကို မိခင်တို့ဟာ အပြည့်အဝပေးနိုင်ဖို့ကြိုးစားတတ်ကြပါတယ်။

ဘေးအန္တရာယ်ကင်းရှင်းစေဖို့ကာကွယ်စောင့်ရှောက်ကြပါတယ်။ ကလေးတို့ကစားတဲ့အခါ ဘေးကင်းစေဖို့မိခင်တို့မှာ အမြဲစောင့်ကြည့်ရမှ  စိတ်ချမှုကို ခံစားကြရပါတယ်။ ကလေးတို့အနေနဲ့ဘယ်အရာကအမှား၊ ဘယ်အရာကအမှန်ဆိုတာ ခွဲခြားသိရှိအောင်သင်ပြပေးခြင်း၊ သူတစ်ပါးကို ထိခိုက်အောင်လုပ်ခြင်းက မလုပ်သင့်တဲ့အရာ၊ သူတစ်ပါးကို ကူညီခြင်းက ကောင်းမွန်တဲ့အရာအစရှိတဲ့ ကောင်းမွန်တဲ့အလေ့အကျင့်တို့ကို ခွဲခြားသင်ပြပေးခြင်းဖြင့် မိခင်ဖြစ်ခြင်းရဲ့ အနှစ်သာရကို နှစ်သက်တတ်ကြပါတယ်။

မိခင်တစ်ယောက်ဖြစ်ရခြင်းဟာ အနုစိတ်ဆန်လွန်းပြီး ကလေးရဲ့ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းဖို့ အစစအရာရာကို အထူးဂရုစိုက်ရတာကြောင့် လှပတဲ့ပင်ပန်းမှုလို့ အဓိပ္ပါယ်ဖွင့်ဆိုလိုပါတယ်။

Credit: yangonlife မှ ကူးယူဖော်ပြသည်။