Friday, August 28, 2015

ဝိတ်ကျမြန်ဖို့ အတွက်ရာ ရေသောက်ပေးဖို့ လိုအပ်တာ


အသီးအရွက်အသုပ်နဲ့ ကာယလေ့ကျင့်ခန်းတွေကို ခဏမေ့ထားလိုက်ပါ။ ရေဟာ ၀ိတ်ကျခြင်းရဲ့ အဓိက သော့ချက်ဖြစ်နိုင်ပါတယ်။ အစာမစားခင် ရေ ၅၀၀ မီလီလီတာ (ရေသန့် ဘူးတစ်ဝက်) လောက် သောက်ပေးခြင်းက အ၀လွန်နေတဲ့ လူငယ်တွေ ၀ိတ်ကျဖို့ အတွက် အထောက်အကူပြုနိုင်ပါတယ်။


ဗြိတိန်သုတေသနပညာရှင်တွေဟာ အ၀လွန်နေတဲ့လူငယ် ၈၄ ယောက်ကို အခုစမ်းသပ်မှုမှာ ပါဝင်ဖို့ အကူအညီတောင်းခဲ့ပြီး ၁၂ ပတ်ကြာစောင့်ကြည့်ခဲ့ပါတယ်။ လူငယ်တိုင်းကို သူတို့ ရဲ့ကိုယ်လက်လှုပ်ရှားမှုများများလုပ်ပေးဖို့ ၊ အစားအသောက် အနည်းငယ်သာစားဖို့ နဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲဖို့ စတဲ့ ကိုယ်အလေးချိန်လျော့ချရေးအကြံဥာဏ်တွေ ပေးခဲ့ပါတယ်။

နောက်မှာ ၈၄ ယောက် ကို အုပ်စုနှစ်စု ခွဲပြီး ၄၁ ယောက်ကို အစာမစားခင် နာရီဝက်အလိုမှာ ရေသောက်ဖို့ ခိုင်းစေခဲ့ပြီး ကျန် ၄၃ ယောက်ကိုတော့ အစာမစားခင်မှာ ဗိုက်ပြည့်နေပြီလို့ စိတ်ကူးထဲ တွေးခိုင်းပြီးမှ စားခိုင်းခဲ့ပါတယ်။၁၂ ပတ်အကြာမှာ အစာမစားခင်ရေသောက်တဲ့ လူငယ်တွေဟာ ကျန်အုပ်စုက လူငယ်တွေထက် ကိုယ်အလေးချိန် ၂.၈၇ ပေါင် ပိုမိုကျဆင်းခဲ့တာကို တွေ့ မြင်ရပါတယ်။

အစာမစားခင်တိုင်း ရေလီတာဝက် လောက် သောက်ပေးတဲ့လူငယ်တွေဟာ အနည်းငယ်သာသောက်တဲ့ လူငယ်တွေထက် ကိုယ်အလေးချိန် ပိုမိုကျဆင်းတာကိုပါ သိရှိခဲ့ရတာဖြစ်ပါတယ်။ ရေလီတာ ၀က်လောက် သောက်ပေးတဲ့ လူငယ်တွေဟာ ၁၂ ပတ်အတွင်း စုစုပေါင်း ကိုယ်အလေးချိန် ၉.၄၈ ပေါင် ကျဆင်းခဲ့ပြီး တစ်ကြိမ်သာသောက်သူ၊ လုံးဝရေမသောက်သူတွေဟာ ၁.၇၆ ပေါင်သာ ကျဆင်းခဲ့ပါတယ်။
“ ဒီတွေ့ ရှိမှုရဲ့ အဓိကအချက်ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ တစ်နေ့ ကို အစာမစားခင်တိုင်း ရေ ၅၀၀ မီလီလီတာလောက် သောက်ပေးရုံနဲ့ သင် ကိုယ်အလေးချိန်ကျနိုင်ပါတယ်” လို့ ဘာမင်ဂမ်တက္ကသိုလ်က Dr.Helen Parretti က ရှင်းပြခဲ့ပါတယ်။

အဆိုပါ လေ့လာမှုမှာ သောက်သုံးစေခဲ့တဲ့ ရေဟာ ရိုးရိုးသောက်ရေသာဖြစ်ပြီး ဂတ်စ်ပါတဲ့ ဖျော်ရည်တွေနဲ့ အချိုရည်တွေကို မသောက်သုံးဖို့ တားမြစ်ထားပါတယ်။ သုတေသနအဖွဲ့ ဟာ အစာမစား ခင် ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နောက်ထပ် ပိုမိုထဲထဲဝင်ဝင်လေ့လာမှုတွေ အတွက် ယခုတွေ့ ရှိချက်တွေက အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar